top of page

ဘာသာစကား အခွင့်အရေးများနှင့် ပဋိပက္ခ - Joe Lo Bianco နှင့် တွေ့ဆုံမေးမြန်းခြင်း

ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး ဆရာ့အလုပ်အကြောင်းကို အကြမ်းဖျင်းအနည်းငယ်ပြောပြပေးနိုင်မလား။


ကျွန်တော့်နာမည်က Joe Lo Bianco ပါ။ ကျွန်တော်က မဲလ်ဘုန်းတက္ကသိုလ် ဘာသာစကားနှင့် စာပေ ပညာရေးဆိုင်ရာ အငြိမ်းစားပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဒီရာထူးကို 2004 ခုနှစ်ကစပြီး ထမ်းဆောင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်နဲ့ မပူးပေါင်းခင် ကျွန်တော်က အမျိုးသား ဘာသာစကား သုတေသနစင်တာကွန်ရက်ဖြစ်တဲ့ Language Australia ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်ခင်က ကျွန်တော် မူဝါဒနှင့် ယဉ်ကျေးမှုစုံဝါဒ ရပ်ရွာအသိုက်အဝန်း လှုပ်ရှားရေး၊ ဘာသာစကားအခွင့်အရေးများ၊ ဘာသာစကား ပညာရေးတို့မှာ 1970 အလယ်နှစ်များကနေ နှောင်းပိုင်းနှစ်တွေအထိ လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်က ဆရာ၊ သမဂ္ဂအရာရှိ၊ ရပ်ရွာအသိုက်အဝန်း ဖွံ့ဖြိုးရေးအရာရှိ၊ သုတေသီ၊ စာရေးဆရာ၊ လူထုမူဝါဒအရာရှိနဲ့ တက္ကသိုလ်ဆရာတစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ ဘာသာစကားများဆိုင်ရာ အမျိုးသားမူဝါဒကို 1987 ခုနှစ်မှာ ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံးဘာသာစကားစုံ မူဝါဒအဖြစ် ရွေးချယ်လိုက်တဲ့အခါ ဘာသာစကားစုံဝါဒအတွက် ဘာသာစကားအရေးအသား မူဝါဒများကို ကူညီပေးဖို့ ဩစတြေးလျနိုင်ငံအနှံ့အပြားနဲ့ နိုင်ငံတကာမှ ဖိတ်ခေါ်မှုအများအပြားကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ တောင်ပစိဖိတ်ဒေသ၊ အရှေ့တောင်အာရှ၊ ဥရောပအနောက်ပိုင်း၊ တောင်အာဖရိကနဲ့ မြောက်အာဖရိကအပြင် ကမ္ဘာကြီးရဲ့ အခြားဒေသအသီးသီးက အစိုးရတွေ၊ ရပ်ရွာအသိုက်အဝန်းအဖွဲ့တွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့အတူ ‘ဘာသာစကားပြဿနာများ ဖြေရှင်းရေး’ ကို လက်တွဲလုပ်ကိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းသုံးဆယ်ရှိပြီဖြစ်ပါတယ်။



ဆရာ သုတေသနပြုခဲ့တဲ့နေရာအချို့အကြောင်းနဲ့ အဲဒီနေရာတွေက ပဋိပက္ခနဲ့ ဘာသာစကား အခွင့်အရေး ပြဿနာတွေအကြောင်း ပြောပြပေးနိုင်မလား။


တောင်ပစိဖိတ်ဒေသတခွင်မှာဆိုရင် ကျွန်တော်က ဒေသသုံး ဘာသာစကားတွေနဲ့ ခရီးအို (creole) ဘာသာစကားပြောသူတွေရဲ့ အခွင့်အရေးတွေကို အားပေးထောက်ခံခြင်းနဲ့ပတ်သက်လို့ ဆမိုအာ (Samoa)၊ တွန်ဂ (Tonga)၊ ဗနွာတူ (Vanuatu)၊ ပါပူအာ နယူးဂီနီ (Papua New Guinea) နဲ့ဆော်လမွန်ကျွန်းစုတွေက နှစ်ဘာသာသုံး ပညာရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေပါတယ်။ ပြီးတော့ ဟာဝိုင်အီကျွန်းအပါအဝင် ဘေးအန္တရာယ် သတိပေးချက်နဲ့စီမံခန့်ခွဲရေးမှာ ဘာသာစကားနဲ့ပတ်သက်တဲ့ လုပ်ငန်းအချို့ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဘာသာစကား အခွင့်အရေးကိစ္စတွေမှာ ယဉ်ကျေးမှုပြောင်းလဲမှု အတိမ်အနက်နဲ့ အရှိန်အဟုန်ကို ထိန်းချုပ်ဖို့ရာ မထိခိုက်မပျက်စီးတဲ့ ရပ်ရွာအသိုက်အဝန်းတွေ ဖန်တီးဖို့/ပြန်လည်ဖန်တီးဖို့အတွက် လူတွေရဲ့စွမ်းဆောင်နိုင်စွမ်းနဲ့ သက်ဆိုင်တဲ့အပြင် ဘာသာစကားအစွမ်းကိုလည်း သာတူညီမျှ ရရှိရပါမယ်။ အများအားဖြင့် သေးငယ်တဲ့ အမျိုးသားစီးပွားရေးအချိုးအဆက အနာဂတ်မျိုးဆက်သစ်တွေကို အရင်းအမြစ်တွေကို အပြည့်အဝထိန်းချုပ်ရာမှာ၊ များမကြာမီကရရှိခဲ့ကြတဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းရာမှာ အခြေပြုဖို့အတွက် ကြီးမားတဲ့မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ ဘာသာစကားဟာ ဒီအရာအားလုံးနဲ့ဆက်နွှယ်နေပါတယ်၊ အဓိကအနေနဲ့ အမြဲတမ်းမဟုတ်ပေမယ့် မကြာခဏအားဖြင့်တော့ ဆက်နွှယ်နေပါတယ်။

ကျွန်တော် များမကြာမီနှစ်တွေက အလုပ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာဆိုရင် ဘာသာစကားဆိုင်ရာ မကျေနပ်ချက်တွေက ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် ထိန်းချုပ်မှု အတိုင်းအတာတချို့ရှိဖို့ အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားအုပ်စုတွေရဲ့ တောင်းဆိုမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဒါက နိုင်ငံအနှံ့အပြားမှာ အများကြီးကွဲပြားမှုရှိပါတယ်။ ဒါပေမဲ့ လူများစု ဗမာလူမျိုး ထိန်းချုပ်ထားတဲ့ ဗဟိုအာဏာပိုင်တွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမျိုးမျိုး တောင်းဆိုနေကြတဲ့ လူနည်းစုတွေကြားမှာ စစ်ပွဲအများအပြားနှင့် မပြီးပြတ်သေးတဲ့ တင်းမာမှုတွေ ရှိနေပါတယ်။ ဒီနေရာမှာ ကျွန်တော်ရဲ့အလုပ်က ဘာသာစကားအမျိုးမျိုး တောင်းဆိုမှုအပေါ် ဒေသတွင်းအဖြေရရှိဖို့အတွက် နိုင်ငံအနှံ့အပြားမှာ ညှိနှိုင်းဆွေးနွေးပွဲပေါင်း 45 ပွဲကျော် ပြုလုပ်ပေးခဲ့ပြီး အမျိုးသားမူဝါဒတစ်ခုနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်နယ်လွှတ်တော်သုံးခုမှာ အများသဘောတူညီတဲ့ ချဉ်းကပ်နည်းတစ်ခုနဲ့ အမျိုးသားမူကြမ်းတစ်ခု အကြမ်းရေးဆွဲနိုင်ခဲ့ပေမဲ့ 2022 ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အကြမ်းဖက်ဖယ်ရှားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုရဲ့ အတော်လေး ပွင့်လင်းမြင်သာမှုရှိချိန်အတွင်းမှာ ရရှိခဲ့တဲ့ အရာအားလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ ဘာသာစကားဆိုင်ရာ မေးခွန်းတွေဟာ အများအားဖြင့် လူနည်းစုတွေအတွက် မကျေနပ်ချက်တစ်ခုအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်၊ လူများစုအဖွဲ့တွေရဲ့ အင်အားလက္ခဏာတစ်ရပ်က တောင်းဆိုမှုတွေကို အသိအမှတ်ပြုပေးဖို့ ငြင်းဆန်နိုင်စွမ်းပဲဖြစ်ပါတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုရဲ့ တစ်ဝက်တစ်ပျက် ဒီမိုကရေစီပြောင်းလဲမှုအောက်မှာတောင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဘာသာစကားကိစ္စတွေအပေါ်မှာ ဘယ်တုန်းကမှ အလေးမထားခဲ့ကြပါဘူး။

ကျွန်တော်က ဘာသာစကားဆိုင်ရာ မေးခွန်းတွေနဲ့ ပဋိပက္ခတွေ ပိုပြီးတိုက်ရိုက်ဆက်နွှယ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ 1956 ခုနှစ် ဘာသာစကားဥပဒေဟာ ရပ်ရွာအသိုက်အဝန်းတွေကြားမှာ မကြေအေးနိုင်တဲ့ တင်းမာမှုတွေကနေ ဆယ်စုနှစ်ချီပြီး မပြေလည်တဲ့ပဋိပက္ခတွေနဲ့ ပြင်းထန်တဲ့ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်က 1990 ခုနှစ် နှောင်းပိုင်းကနေ 2000 ပြည့်နှစ် အစောပိုင်းအထိ သီရိလင်္ကာနိုင်ငံမှာ အဲဒီအချိန်က ‘ဆွာဘာရှာ(swabasha) ပညာရေး’ လို့ ခေါ်တဲ့ ပရောဂျက်(တမီးလ် ဘာသာကို စင်ဟာလာဘာသာနဲ့ ကြားခံသင်ကြားခြင်းနဲ့ စင်ဟာလာဘာသာကို တမီးလ်ဘာသာနဲ့ ကြားခံသင်ကြားခြင်းရယ်၊ နောက်ပြီး ဘာသာစကားသုံးမျိုးဆိုင်ရာ ပညာရေးမူဝါဒတစ်ခု မူကြမ်းရေးဆွဲခြင်း) အပါအဝင် ပရောဂျက်အတော်များများမှာ လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်က အမျိုးသားပညာရေးသိပ္ပံ (National Institute for Education) မှာလည်း လုပ်ခဲ့ပြီးတော့ ရပ်ရွာအသိုက်အဝန်းအဖွဲ့တွေနဲ့ NGO တွေအတွက် အသေးစားကော်မရှင်အများအပြားမှာလည်း လုပ်ကိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုတွေက မတူညီတဲ့အချိန်တွေမှာ မတူညီတဲ့ညှိနှိုင်းပြေလည်မှုတွေကို ထင်ဟပ်စေပြီး ဘာသာစကားပြဿနာတွေက မပြီးပြတ်သေးတဲ့ လူနည်းစု မကျေနပ်ချက်တစ်ခုဖြစ်နေပါတယ် (စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အင်္ဂလိပ်စာ ပြန်လည်အသုံးပြုခြင်းကို အိန္ဒိယနိုင်ငံက 1980 ခုနှစ်နှောင်းပိုင်းတွေမှာ သီရိလင်္ကာ တမီးလ်အမျိုးသားရေးသမားတွေနဲ့ သီရိလင်္ကာစစ်တပ်ကြား 2 နှစ်ကြာ အိန္ဒိယငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တစ်ဖွဲ့ စေလွတ်ပြီးနောက် ငြိမ်းချမ်းရေးတည်ဆောက်မှု လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဘာသာစကားပြဿနာတွေက သီရိလင်္ကာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရွာအသိုက်အဝန်းဆက်ဆံရေး၊ စီမံအုပ်ချုပ်ရေးနဲ့ ပြည်သူလူထုဘဝအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ အဓိကမေးခွန်းကတော့ တမီးလ်ဘာသာကို ဘယ်လောက်အတိုင်းအတာအထိနဲ့ ဘယ်လိုအသိအမှတ်ပြုမှုမျိုး ပေးမှာလဲဖြစ်ပြီး အခြားဘာသာစကား ပြဿနာတွေလည်း အများကြီးရှိပါသေးတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံတွေက ကျွန်တော် ကော်မရှင်အလုပ်တွေနဲ့ ရပ်ရွာအသိုက်အဝန်း ထိတွေ့ဆက်ဆံမှုတွေကို တိုးချဲ့လုပ်ဆောင်ခဲ့တဲ့ နောက်ထပ်နေရာတွေဖြစ်ပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံနယ်မြေသုံးခုက လူများစု ပတ်တနီ (Pattani) မလေးစကားပြော မူဆလင်တွေက သူတို့ရဲ့ဘာသာစကားကို အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့လို့ ဆယ်စုနှစ်အချို့ကြာ ပြင်းထန်တဲ့ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းအကြောင်းကိုပဲ ကျွန်တော် ဆွေးနွေးသွားပါမယ်။ ဒီပဋိပက္ခဟာ အက္ခရာစာနှင့် အခြားဘာသာစကားတွေ ပါဝင်တဲ့ ပြဿနာတွေထက် ပိုပြီးနက်နဲရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အများအားဖြင့် ပညာရေး၊ အစိုးရစီမံအုပ်ချုပ်ရေးစတာတွေမှာ လူနည်းစုဘာသာစကားဆိုင်ရာ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အပြင်းအထန် ငြင်းခုံနေကြပါတယ်။ ဒါအတွက် အထောက်အထားအနေနဲ့ ယဉ်ကျေးမှုပေါင်းစည်းရေးကို ယုံကြည်သူ လူနည်းစုစစ်သွေးကြွတွေ ငြင်းဆိုထားတဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကို သင်ကြားပြသတဲ့ ဆရာအများအပြား အသတ်ခံခဲ့ရတယ်။

ဒီအခြေအနေတွေမှာ ကျွန်တော့်ရဲ့အလုပ်က သုတေသနနဲ့ မူဝါဒညှိနှိုင်းဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်က ဘာသာစကားဆိုင်ရာ မူဝါဒရေးသားရာမှာ တမူထူးခြားတယ်လို့ထင်တဲ့ အထောက်အကူပြု အပြန်အလှန်ဆွေးနွေးခြင်းလို့ခေါ်တဲ့ မူဝါဒရေးသားခြင်း နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဒါကို စနစ်တကျလုပ်ဖို့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတဲ့အချိန်မှာ အဲဒါကို အခြေခံအားဖြင့် ဒီမိုကရေစီ နည်းလမ်းကျပုံစံမျိုး ဆောင်ရွက်ပေမဲ့ ကျွမ်းကျင်မှုအခြေပြု ဘာသာစကားဆိုင်ရာ ပြဿနာဖြေရှင်းရေးပုံစံကို အသုံးပြုပါတယ်။ အဲဒါက ကျွန်တော်တို့အနေနဲ့ သတ်မှတ်ထားတဲ့ဆက်သွယ်ရေး အမှန်တရားတွေကို ‘ပြဿနာတွေ’ အဖြစ် သတ်မှတ်ပေးတဲ့ လူမှုရေးဖွဲ့စည်းပုံတွေကို လက်ခံဖို့ လိုအပ်ပေမဲ့ ဒေသတွင်း အသုံးပြုနိုင်တဲ့ မူဝါဒဒီဇိုင်းအသစ်တွေ ရေးဆွဲဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးသူ ဦးဆောင်တဲ့လုပ်ငန်းစဉ်တွေကတစ်ဆင့် အဲဒီလူမှုရေးဖွဲ့စည်းပုံတွေကို ပပျောက်စေပါတယ်။ ပုံမှန်အားဖြင့် ပြည်နယ်အရာရှိတွေက ဖော်ပြပါမူဝါဒအပေါ် အာရုံစိုက်ဖို့ ဘယ်အရာကို ဘာသာစကားဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရမလဲဆိုတာ သတ်မှတ်ပေးပါတယ်၊ အဲဒါက လူများစုအဖွဲ့တွေရဲ့ အကျိုးစီးပွားကို လမ်းဖွင့်ပေးပေမဲ့ အထောက်အကူပြု အပြန်အလှန်ဆွေးနွေးပွဲမှာ ကျွန်တော်တို့က ဒီကန့်သတ်ချုပ်ချယ်မှုတွေအတွင်းကပဲ ‘အသစ်တဖန် စတင်ဖို့’ ကြိုးစားကြပါတယ်။ အပြန်အလှန်ဆွေးနွေးပွဲတစ်ခုကို ပူးပေါင်းပါဝင်မှုဆိုင်ရာ စံတွေအပေါ်မှာ အခြေခံထားပေမဲ့ လွယ်ကူချောမောအောင် လုပ်ဆောင်ခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကျင်းပနေတဲ့ ပတ်ဝန်းကျင်တွေနဲ့ ပထမဆုံး ဒီနေရာကို ရောက်ရှိနေရတဲ့ အကြောင်းပြချက်ကို နိုင်ငံအာဏာ၊ အတွေးအခေါ်အယူအဆတွေနဲ့ လက်ရှိကျင့်သုံးနည်းတွေက ဘောင်ခတ်ထားပြီးတော့ ဒီဝန်းကျင်တွေထဲက အလုပ်အတွက် ခွင့်ပြုချက်ချမှတ်ပေးတဲ့ သဘောတူစာချုပ်တွေအပြင် ပညာရေးဝန်ကြီးဌာနတွေကလို အရာရှိတွေက ဆောင်ရွက်တဲ့ အကဲဖြတ်စစ်ဆေးမှုတွေနဲ့ သုံးသပ်ချက်တွေက အဆုံးအဖြတ်ပေးပါတယ်။ အတိတ်က မမျှတတဲ့အစီအစဉ်တွေကို မရှိခဲ့သလိုဟန်ဆောင်ရင်း အတိတ်ကမမျှတမှုတွေကို ဖျက်ပစ်လို့မရပါဘူး။



ဆရာ့ရဲ့ သုတေသနအပေါ်မှာအခြေခံပြီး ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ခြင်းက ပဋိပက္ခဖြစ်ပွားမှုတွေကို ကာကွယ်တားဆီးပြီး လူ့အသက်တွေကို ကယ်တင်ရာမှာ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလား။


ထင်ပါတယ်။ ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေကို ငြင်းဆိုခြင်းက ပဋိပက္ခဖြစ်စေနိုင်ပါတယ်။ ဒါက အဓိကနည်းလမ်းနှစ်ခုအနေနဲ့ ဖြစ်ပွားနိုင်ပါတယ် - အမြန်နဲ့အနှေး သက်ရောက်မှုပုံစံတွေနဲ့ပါ။ အနှေးသက်ရောက်မှုရလဒ်တွေက မျိုးဆက်တွေကြား အခွင့်အရေးမမျှတမှု ဒါမှမဟုတ် ဖိနှိပ်မှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်။ ဥပမာအနေနဲ့ အဓိကအသုံးပြုတဲ့ဘာသာစကား တတ်မြောက်မှုကို ကြည့်ပါ။ ဒါက လူနည်းစုဘာသာစကားကျောင်းသားတွေကို ကျောင်းပညာသင်ကြားခွင့်ကနေ ‘ဖယ်ထုတ်ထား’တဲ့ ကျောင်းတက်ရောက်နှုန်းတွေက အထင်အရှားပြနေတယ်။ မိသားစုဆင်းရဲနွမ်းပါးမှုနဲ့ အဓိကသုံးတဲ့သင်ရိုးညွှန်းတမ်းက လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှုတွေက ပိုပြီးဆိုးရွားစေခဲ့ပါတယ်။ စာပေနဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေက မမျှတမှုကို မကြာခဏဖြစ်စေပါတယ်၊ မိခင်ဘာသာစကားကို စွန့်လွှတ်ရခြင်းနဲ့ပတ်သက်ပြီး အတိအလင်း ဒါမှမဟုတ် သင်ရိုးညွှန်းတမ်းမှာ အချိန်ကို ဘယ်လိုခွဲဝေပေးထားတယ်၊ ဘယ်လိုအရင်းအမြစ်တွေ ပံ့ပိုးထားတယ်ဆိုတဲ့ အကျိုးသက်ရောက်မှုအဖြစ် တရားဝင်ဘာသာစကား အသုံးပြုမှုကို ‘အခြေအနေအရ’ ဖြစ်စေပါတယ်။ ဒါကြောင့် အဓိက ဘာသာစကား အသုံးပြုနိုင်စွမ်း မမျှတခြင်းနဲ့အတူ မိခင်ဘာသာစကားနဲ့ ဆက်နွှယ်နေတဲ့ အမည်းစက်ကြောင့် (ပြီးတော့ လူနည်းစုတွေက လူများစုဘာသာစကားကို မကြာခဏပြောဆိုရမှု) တဖြေးဖြေးနဲ့ပိုမိုဆိုးရွားလာပြီး ပဋိပက္ခဖြစ်စေနိုင်တဲ့ လူမှုရေး မမျှတမှုရလဒ်တွေကို ဖြစ်စေပါတယ်။ ပုံနှိပ်ထုတ်ဝေတဲ့စနစ်သုံး လူ့ဘောင်အဖွဲ့အစည်းတွေမှာ (ဒီဂျစ်တယ်စနစ်သုံးတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်) ရေးသားထားတဲ့ဘာသာစကား ထိန်းချုပ်မှုကိုလည်း အဓိကအသုံးပြုတဲ့ ဘာသာစကားတွေရဲ့ ပညာရှင်မှတ်တမ်းမှတ်ရာများ (ပညာရပ်သုံး ဘာသာစကား) ကို ဖယ်ထုတ်ထားသလို ဖယ်ထုတ်ခံရနိုင်တယ်။ ဒါကြောင့် ဒါတွေအားလုံးဟာ မမျှတတဲ့ ဘာသာစကား မူဝါဒတွေက ပဋိပက္ခဖြစ်စေတဲ့အခြေအနေတွေကို ဖန်တီးပေးတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒုတိယအဓိကနည်းလမ်းကတော့ ဘာသာစကားအသုံးပြုခြင်းကတစ်ဆင့် ဖြစ်ပါတယ် - အချို့အုပ်စုတွေကို နိမ့်ပါးတဲ့အဆင့်အတန်းတစ်ခုမှာ ရှိစေပြီး သူတို့အပေါ် တိုက်ရိုက်ရန်မူတဲ့ အမုန်းစကားတွေ ဒါမှမဟုတ် ဖယ်ထုတ်ထားတဲ့ ဘာသာစကားအမျိုးအစားတွေလို အကျယ်တဝင့် ရေးသားဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။ ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ခြင်းက ဆင်းရဲနွမ်းပါးမှုနဲ့ တရားမမျှတမှုကတစ်ဆင့် ပေါက်ဖွားလာတဲ့ တစစယုတ်လျော့လာတဲ့ လူမှုရေးစည်းလုံးမှုတွေကို ကျော်လွှားနိုင်စေပြီးတော့ ဖယ်ထုတ်ထားခြင်းနဲ့ ပစ်ပယ်ထားခြင်းကြောင့် မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတဲ့ ရန်လိုမုန်းတီးမှုတွေကို တားဆီးနိုင်ပါတယ်။



ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေက လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အခြားနည်းလမ်းတွေ ရှိပါသေးသလား။


အမြင်သာဆုံးနည်းလမ်းကတော့ ကပ်ဘေးဆိုက်ရောက်တဲ့ အချိန်တွေ၊ ပတ်ဝန်းကျင်နဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လူတွေသိတဲ့ ဘာသာစကားနဲ့ ထောက်ပံ့ပေးတာ၊ ဆရာဝန်တွေနဲ့ ဆက်သွယ်ပြသနိုင်စေတာ၊(ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ချိန်အတွင်း ဒါမှမဟုတ် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ချိန်အတွင်း) အန္တရာယ်ကင်းတဲ့ အချက်အလက်တွေကို ရရှိစေတာ။ ဒီအခြေအနေတွေအားလုံးမှာ လူသားအားလုံးကို ညီတူညီမျှ သက်ရောက်စေဖို့ တောင်းဆိုထားတဲ့အရာတွေဟာ (ရောဂါက အဆင့်အတန်းမခွဲဘူးဆိုတဲ့ ဆောင်ပုဒ်တွေ) တစ်စိတ်တစ်ပိုင်းသာ မှန်ကန်နေတာကို တွေ့ရတယ်။ လူတွေရဲ့ ခံနိုင်ရည်ရှိမှု၊ တုံ့ပြန်မှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုတာတွေဟာ သူတို့မှာရှိတဲ့ အချက်အလက်၊ သူတို့ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် သူတို့ရရှိနိုင်တဲ့ အရင်းအမြစ်တွေ၊ အကာအကွယ်တွေအရ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဒါတွေဟာ အများအားဖြင့် လူမှု-စီးပွားရေးနဲ့သက်ဆိုင်ပေမဲ့ ယဉ်ကျေးမှုတို့၊ ဘာသာစကားတို့နဲ့လည်း သက်ဆိုင်ပါတယ်။ လူ့ဘောင်အဖွဲ့အစည်းတွေက အလွှာလိုက်ရှိကြတဲ့အတွက် အုပ်စုတွေက ရောဂါဘယတွေနဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ခံစားရပုံမှာ ကွာခြားကြပါတယ်။



ဆရာ့အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဖတ်မှတ်စရာ ဒါမှမဟုတ် ကြည့်စရာအချို့ကို အကြံပြုပေးနိုင်မလား။


ဒီအလုပ်က လက်တွေ့ကျပြီး အခြေအမြစ်ရှိတယ်။ UNICEF နှင့် UNESCO က ဘာသာစကားဆိုင်ရာ ကွဲပြားခြားနားမှုကို ထည့်သွင်းစဉ်းစားထားတဲ့ ကြိုတင်ပြင်ဆင်မှုအတွက် စာတမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ/အကြုံပြုချက်တွေ အများကြီး ထုတ်ထားပါတယ်။ အများအားဖြင့် မလိုက်နာသူတွေက နိုင်ငံရဲ့အစိုးရတွေ ဖြစ်တတ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက အကြီးတန်း ရေဒီယိုအစီအစဉ်တင်ဆက်သူတစ်ယောက် (နာမည်ကြီး ‘တိုးတက်ရေးဝါဒီ’ ပုဂ္ဂိုလ်တစ်ယောက်) က ဩစတြေးလျနိုင်ငံပိုင် အသံလွှင့်ဌာနကနေ ဗစ်တိုးရီးယားပြည်နယ်ရဲ့ ကြီးမားတဲ့ အရေးပေါ်အခြေအနေအတွင်းမှာ တောမီးလောင်မှုအတွက် ကြိုတင်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဗီယက်နမ်ဘာသာနဲ့ အခြားရပ်ရွာအသိုက်အဝန်း ဘာသာစကားနဲ့တင်ပြထားတဲ့ မက်ဆေ့ချ်တွေကို မယုံနိုင်ဖွယ်ကောင်းလောက်အောင် စက်ဆုပ်ဖွယ်ရာ လှောင်ပြောင်သရော်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ ကျွန်တော် ဒီအကြောင်းကို ကန့်ကွက်စာတစ်စောင် ရေးသားခဲ့ပါတယ်။ COVID အရေးပေါ်အခြေအနေအတွင်းမှာလည်း လူနည်းစု ရပ်ရွာအသိုက်အဝန်းတွေအတွက် ဆက်လက်ပြီး ထောက်ပံ့မှု လျော့ရဲနေတာကို တွေ့မြင်ခဲ့ရပါတယ်။



လက်ရှိမှာ ဘာသာစကားဆိုင်ရာ အခွင့်အရေး အယူအဆတွေနဲ့ ကျင့်သုံးမှုတွေဟာ ဩစတြေးလျနိုင်ငံတွင်းနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ဘယ်အဆင့်မှာရပ်တည်နေကြပါသလဲ။ သူတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြလား ဒါမှမဟုတ် အသုံးမပြုကြဘူးလား။


(အစိုးရက ဒီအသုံးအနှုန်းကို လုံးဝမသုံးရင်တောင်မှ) ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်ပြုခြင်းကနေရလာတဲ့ လက်တွေ့အကျိုးကျေးဇူးတွေအပေါ် သတိထားမှု တိုးတက်လာပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ ဩစတြေးလျနိုင်ငံမှာဆိုရင် 1970 နဲ့ 1980 ပြည့်နှစ်တွေရဲ့ ယဉ်ကျေးမှုပေါင်းစုံ အထွတ်အထိပ်ရောက်ချိန်မှာ အခြေအနေတွေ ပိုပြီးကောင်းခဲ့ပါတယ်။ အဲဒီအချိန်ကဆို ပိုပြီးအဓိပ္ပါယ်ကောင်းမွန်တဲ့ (အခါအားလျော်စွာ မလိုမုန်းတီးတဲ့) ဘာသာစကားကို လှလှပပအသုံးချတာမျိုးရှိခဲ့ပေမဲ့ လက်တွေ့မှာ ကျန်းမာရေး၊ ဥပဒေရေးရာ အခြေအနေတွေအတွက် စကားပြန်နဲ့ ဘာသာပြန်ဝန်ဆောင်မှုတွေနဲ့ ကျောင်းတွင်း ဘာသာစကား ပညာရေး စတာတွေက ပိုပြီးအရှိန်အဟုန်ကောင်းပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကျွန်တော်က အာရှပစိဖိတ်ဒေသမှာ ပညာရေးဆိုင်ရာ ဘာသာစကားအခွင့်အရေးတွေကို ဆောင်ရွက်နေတဲ့ UNESCO/UNICEF က ဖွဲ့စည်းထားတဲ့ ဘန်ကောက်အခြေစိုက်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ တချို့ဒေသတွေမှာ တိုးတက်မှုအများကြီးရှိပါတယ် (ဒီနှစ်နှောင်းပိုင်းမှာထွက်တဲ့စာအုပ်တစ်အုပ်က ဒီအကြောင်းအရာတချို့ကို မှတ်တမ်းတင်ထားပါတယ်)၊ ပြီးတော့UN အဆင့်မှာ လူနည်းစုတွေ(နိုင်ငံအဆင့်အောက်အဖွဲ့တွေ)ရဲ့ ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေကို ပိုဂရုစိုက်လာပါတယ်၊ ဒါက အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုအများစုက နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံတွေအတွင်းမှာ ဖြစ်ပြီးတော့ ဒါတွေက လူနည်းစုအဖွဲ့တေွရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကန့်သတ်ပြီး အခွင့်အရေးတွေကို အပြည့်အဝအသိအမှတ် ပြုနိုင်တဲ့အလားအလာတွေကို ကျဉ်းမြောင်းစေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ပြင်းထန်တဲ့ဖိနှိပ်မှုဖြစ်ရပ်တွေမှာ လူမှုရေး၊ နိုင်ငံရေးအသိစိတ် မြှင့်တင်မှုပုံစံတစ်ခုခုဟာ ဒါမှမဟုတ် အတိုင်းအတာ အနည်းငယ်ပဲဖြစ်ဖြစ် ပိုမိုကောင်းမွန်အောင် လုပ်တဲ့လုပ်ဆောင်မှုတစ်ခုဟာ အကျိုးရှိတဲ့ကြားဝင်ဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ သေးငယ်တဲ့လုပ်ဆောင်မှုတွေက အချည်းနှီးပဲဆိုတဲ့ အမြင်ကို ကျွန်တော်လက်မခံပါဘူး။


တချို့ကိစ္စရပ်တွေမှာ ကျွန်တော်တို့ရဲ့ အထောက်အကူပြု အပြန်အလှန်ဆွေးနွေးမှုတွေက မူဝါဒရေးရာဆောင်ရွက်မှုအတွက် ဒေသတွင်းရပ်ရွာအသိုက်အဝန်းတွေကို လေ့ကျင့်သင်ကြားပေးဖို့၊ မူဝါဒရေးရာအရာရှိတွေရဲ့ ခြိမ်းခြောက်မှုကို ဘယ်လိုကြိုတင်ခန့်မှန်းပြီး ခုခံမလဲ၊ ‘အောင်မြင်မှုရရှိလာအောင်’ ဘယ်လိုဆောင်ရွက်ရမလဲ၊ ပြီးတော့ သဘောထားတွေကို ဘယ်လိုစတင်ပြောင်းလဲနိုင်မလဲဆိုတာကို အာရုံစိုက်ထားပါတယ်။ ဒါက အင်အားကြီးမားတဲ့အခြားသူတွေဆီက နိမ့်ပါးတဲ့စိတ် ဝင်နေတဲ့ ရပ်ရွာအသိုက်အဝန်းတစ်ခုအတွင်းမှာ သိပ်ကို လိုအပ်ပါတယ်။ ကျွန်တော် ဒီအရာတွေကို အပယ်ခံနဲ့ အများသုံးဘာသာစကားမဟုတ်တဲ့ ဘာသာစကားကို ချောင်ထိုးထားတဲ့ နယ်ပယ်တွေက တွန်းထုတ်နိုင်တဲ့ ဘာသာစကားစီစဉ်မှုကိုစတင်ဖို့ အသိစိတ်နှင့်ပတ်သက်လို့ မူဝါဒရေးသားမှုရဲ့ ပထမအဆင့်အဖြစ် မှတ်ယူပါတယ်။ မူဝါဒ ဘယ်လိုရေးမယ်၊ သင့်ဘာသာစကားရဲ့ အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘယ်လိုစတင်မယ် (ဒါမှမဟုတ် စာအရေးအသားစနစ်၊ စာပေ ဒါမှမဟုတ် ဒေသိယစကား) နဲ့ အကျိုးရှိတဲ့ပြောင်းလဲမှုအဖြစ် စဉ်းစားဖို့ စတင်ခြင်းက သင်ယူလို့ရတဲ့အရာနှင့် သင်ကြားပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ လက်တွေ့မှာ နေရာတိုင်းနီးပါးမှာ တရားဝင်မူဝါဒတွေက ကြီးစိုးနေတဲ့ ဘာသာစကားတွေကို သီးသန့်အသုံးချဖို့ အင်တိုက်အားတိုက် တောင်းဆိုနေရင်တောင် လူနည်းစုဘာသာစကားတွေကို တန်ဖိုးထားဖို့၊ လူနည်းစု ကလေးတွေရဲ့ စကားပြောပုံစံတွေက မပြည့်စုံတဲ့ တည်ဆောက်ပုံတွေကို ငြင်းပယ်ဖို့နဲ့ ကျန်းမာရေးနဲ့ကပ်ဘေးအတွက် အသင့်ပြင်ဆင်မှုတွေမှာ ဘာသာစကားနဲ့ ဆက်သွယ်ရေးကို ထည့်သွင်းဖို့ လှုပ်ရှားမှုတစ်ခုကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီတော့ ဘာသာစကားဆိုင်ရာ အခွင့်အရေးတွေအတွက် လှုပ်ရှားမှုတချို့ ရှိနေပါတယ်။


69 views0 comments
bottom of page